Tuesday, 30 June 2015

( သြကာသဆိုတာဘာလဲ )



သြကာသဆိုတာ ပါဠိစကားပါ။ မြန်မာလိုကတော့.. “အခွင့်လို့ အဓိပ္ပါယ်ရပါတယ်။ “အခွင့် ပေးပါ။ အခွင့်ပြုပါ” လို့ဆိုပါတယ်။ ပါဠိစာပေ ပဋကတ်တော်များမှာ “သြကာသံ ဒေထ”လို့ (ဇာတက ဋ္ဌ၊ ၁။ ၁၅။)မှာတွေ့ရပါတယ်။ ဒါ့ကြောင့် သြကာသဆိုတာ အလေးအမြတ် ပြုအပ်တဲ့ ရတနာမြတ်သုံးပါး ရှေ့မှောက်မှာ အလေးပြုရှိခိုးချင်လို့ “အခွင့်ပြုပါ- ခွင့်ပြုပါ ဘုရားဟုဆိုလိုပါတယ်။”

နောက် သြကာသကို ဘာ့ကြောင့်သုံးခါဆိုရပါသလဲမေးခွန်းရှိပြန်ပါတယ်…ဒါလဲပဲ “သြကာသ..သြကာသ.. သြကာသ-အခွင့်ပေးပါဘုရား- ခွင့်ပေးပါဘုရား၊ ခွင့်ပေးပါဘုရား” လို့ စကားသုံးခွန်းဖြင့် ခွင့်တောင်းပါတယ်။ ပထမသြကာသဖြင့် ဘုရားမြတ်ထံ ဦးတင်ခွင့် တောင်းတာပါ။ ဒုတိယသြကာသဖြင့်…တရားတော်မြတ်ထံ ဦးတင်ခွင့်တောင်းတာပါ။ နောက်ဆုံးသြကာသဖြင့် သံဃာတော်မြတ်ထံ ဦးတင်ခွင့်တောင်းခြင်းပဲဖြစ်ပါတယ်။

မိမိမှာ ဘုရား,တရား,သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးနှင့် ပက်သတ်ပြီး မတော်တဆပြုမိ တဲ့ ကာယကံအပြစ်၊ ပြောမှားမိတဲ့ ၀စီကံအပြစ်၊ ကြံမှားမိတဲ့ မနောကံအပြစ်တွေထဲမှ တစ်မျိုးမျိုးနဲ့ ပြစ်မှားမိတဲ့အပြစ်ဘေးမှ ကင်းလွှတ်ရန် ရုပ်ပွားတော်၊ စေတီတော်မြတ်ကို သက်သေထားကာ ၀န်ချတောင်းပန် ကန်တော့တယ်လို့ မှတ်သားရပါမယ်။

အသက်ရှင်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှု့မင်္ဂလာဖြစ်ပါစေခြင်း အကျိုးငှါဟူသည်နှင့်အညီ၊ မိမိရှိခိုးလိုက်တဲ့ ကုသိုလ်စေတနာကြောင့်လည်း..
၁။ အသက်ရှည်ပါစေ၊
၂။ အနာကင်းပါစေ၊
၃။ ရန်ဘေးကင်းပါစေ။
၎။ကောင်းမှုမင်္ဂလာဖြစ်ပါစေတဲ့.. ဒါကသြကာသဖြင့် ပထမဆုံးသောရည်ရွယ်ချက်နှင့်၊ ရှိခိုးသူ၏ ရည်ရွယ်ချက် ပါ.။

၁။ အပြစ်ခပ်သိမ်း၊ ပျောက်ငြိမ်းရန်ရည်ရွယ်ချက်။
၂။ အသက်ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်းဟု ဒုတိယမြောက်ဖြစ်တဲ့ သြကာသကန်တော့ခန်း ရည်ရွယ်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်အတိုင်း ရရှိနိုင်ပါသလားဆိုတော့…ရရှိနိုင်ပါတယ်ဟုလို့ပဲ တထစ်ချ မှတ်သားသွားနိုင်ပါတယ်။ သာဓကတစ်ခုအနေဖြင့်………

အာယုဝဎုနသတို့သား ဇာတ်လမ်းလေးရှိပါတယ်။ သူကား ခုနှစ်ရက်သာ သက်တမ်းရှိတဲ့ သတို့သားလေးပါ။ ခုနှစ်ရက်မြောက်လျှင် ၀ဿဝဏ်နတ်မင်းကြီးထံမှာ အခွင့်ရထားတဲ့ ဘီလူးတစ်ယောက်ရဲ့အစာဖြစ်ရတော့မည်။ ထိုအကြောင်းအရာကို မြတ်စွာဘုရားရှင် သိတော်မူ၍ ညွှန်ကြားတော်မူကာ… မင်းသား၏မိဘများက မြတ်စွာ ဘုရား ရှင် ညွှန်ကြားတော်မူသည့်အတိုင်း သံဃာတော်များအားပင့်ကာ ခုနှစ်ရက်ပက်လုံး ပရိတ်တရားတော်ကို နားကြားစေခဲ့ပါတယ်။ ခုနှစ်ရက်မြောက်နောက်ဆုံးနေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော် တိုင်ကြွရောက်ပြီး ပရိတ် တရားတော်ကို ဟောကြားချီးမြင့်တော်မူခဲ့ပါတယ်။ ထိုအကျိုး ရားကြောင့် နတ်ဘီလူးဘေးမှကင်းဝေးပြီး အသက် တစ်ရာ့နှစ်ဆယ်တိုင် နေသွားရပါတယ်။

ဒါကိုအကြောင်းပြုပြီး ခုနှစ်ရက် အသက်တမ်းရှိသူမှာ အသက်တစ်ရာ့နှစ်ဆယ်ရှည်သေး၏၊ သတွာများ အသက်ရှည်ကြောင်း ရှိပါသေး၏၊ ဟူသောအတွေးများဖြင့် ဆွေးနွေးကြသူတို့ အားမြတ်စွာဘုရားမှ… ရှိခိုးခြင်း အလေ့ရှိလျက် အသက်သိက္ခာ ဂုဏ်ကြီးသူတို့ကို အရိုအသေပြုတက်သူအား အသက်,အဆင်း၊ ချမ်းသာခြင်း၊ ခွန်အား ဟူသော အကျိုးတရားလေးမျိုး တိုးပွားကုန်၏ဟု ဟောကြားတော်မူခဲ့ပါတယ်။

ကြီးမြတ်သူအား၊ ရိုဝပ်တွား၊ တိုးပွားဇီဝ၊ အဆင်းလှ၊ သုခခွန်အားတွေဟူသော ဆောင်ပုဒ်လေးအတိုင်း မိမိတို့ ရှိခိုးသည့် သြကာသကန်တော့ကျိုးမှ ရရှိပုံကို ပြောပြမိပါ၏။
ကျမ်းကိုး........ဇာတက ဋ္ဌ၊ ၁။ ၁၅။ နှင့် ဗုဒ္ဓဘာသာမှတ်စု
အားလုံးအေးချမ်းကြပါစေ
ရေးသူ ကိုရင်လေး 

>>>ဆက်ဖတ်ရန်>>> >>

( သကာသ ကန်တော့ချိုး )



တချို့က သြကာသ ကန်တော့ချီုးကို တင်ပေးပါဘုရား တပည့်တော်တို့ ကန်တော့ပဲကန်တော့တာ
ဘာလဲဆိုတာကိုတော့ ဂဂ နန မသိပါဘူးဘုရားတဲ့ဒါကြောင့် တတ်သလောက်မှတ်သလောက်ကို
ဦးဇင်းတို့ရဲ့ ဘာသာဝင်များသိရှိနားလည်နိုင်ရန် အထူးသဖြင့် မိမိကန်တော့သောအရာတွေဟာ
ဘာတွေလဲဆိုတာကိုသိစေချင်နားလည်စေချင်တဲ့ဆန္ဒာကြောင့်တင်ပြပေးလိုက်ပါတယ်...

ံသြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို
အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။(လို့ရှိခိုးကြပါသည်)
( သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
သြကာသ ။ အခွင့်= ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည် ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)

ကာယကံဆိုတာက= ကိုယ်ဖြင့် ပြုလုပ်သောအမှု.....

ဝစီကံဆိုတာက= နှုတ်ဖြင့် ပြောဆိုသောအမှု.......

မနောကံဆိုတာက= စိတ်ဖြင့် ကြံစည်သောအမှူ......

သဗ္ဗဒေါသဆိုတာက=သဗ္ဗ+ဒေါသ=ခပ်သိမ်းသော+အပြစ်......

ခပ်သိမ်းသော အပြစ်တို့ကို-သဗ္ဗဒေါသဟူသော ပါဠိစကားကို မြန်မာဘာသာပြန်ဆို၍ လေးနက်စေရန် ထပ်မံဆိုခြင်းဖြစ်သည်.....

ပျောက်ပါစေခြင်း အကျိုးငှာ=ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို (နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစုံတခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထိုအပြစ်တို့ကို ပပျောက်သွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်းဖြစ်သည်။

ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် =ပါဠိနှင့်မြန်မာတွဲဖက်သုံးနှုန်းထားခြင်းဖြစ်သည်။ အနက်အဓိပ္ပာယ် အထူးရှင်းရန်မ လိုပါအတူတူသာဖြစ်သည်။

ရတနာဆိုတာက=အလေးအမြတ်ပြုထိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍ ရခဲခြင်း၊ ရရှိသူ တွေ့ရှိသူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရပါသည်။

ဘုရား =အလုံးစုံကို အကုန်အမင် သိမြင်တော်မူသောကြောင့် ဘုရားဟုခေါ်သည်။

တရား =သတ္တ၀ါများကို ဆင်းရဲတွင်းသို့မကျရအောင် ဆောင်ယူကယ်တင်တတ်သောကြောင့် တရားဟုခေါ်သည်။

သံဃာ=အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် ယ္ခုရှိသမ္မုတိ သံဃာကို သံဃာဟုခေါ်သည်။

ရတနာမြတ်သုံးပါးတို့ကို= မြင့်မြတ်တော်မူသော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တို့ကို

အရိုအသေ=၀ပ်တွားနွံကျီူးခြင်း၊ မလေးမခန့်မပြုဘဲ ကြောက်ရွံ့ခန့်ညားမှုကို ဖော်ပြခြင်း၊

အလေးအမြတ်=လေးစားခြင်း၊ မြတ်နိုးခြင်း။

လက်အုပ်မိုး၍=လက်ဝါးနှစ်ဘက်ကို စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားခြင်း၊

(ဘုရားရှိခိုးရာ၌ လက်အုပ်ကို မေးစေ့ (သို့) ရင်ညွှန့်မျှသာ မြှောက်ချီထားခြင်းသည်ကား အမြင့်ဆုံးအရိုအသေပြုနည်းမဟုတ်၊

နဖူးအထိ မြှောက်ချီထားမှသာလျှင် အမြင့်ဆုံး အရိုအသေပြုခြင်း ဖြစ်သည်။သတိထားပါလေ)

ရှိခိုးပူဇော်=ရှိခိုးခြင်းကိုပင် ပူဇော်ခြင်း ဟုဆိုလိုပါသည်။

ဖူးမြော်= မြင်တွေ့ခြင်း၊ ကြည့်ရှုခြင်း၊ ဥာာဏ်မျက်စိ၌ ထင်ရှားပေါ်လွင် လာအောင် အာရုံပြုခြင်း

မာန်လျှော့=ရှိခိုးခြင်း၊ ကန်တော့ခြင်းကို ပြုရာ၌ မာန်မာနကို လျှော့ချပြီးမှသာ ရှိခိုးကန်တော့နိုင်သည်။ (မိမိကိုယ်ကို ရတနာသုံးပါးအောက် နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။)

ကန်တော့ပါ၏=၀န်ချတောင်းပန်ပါ၏၊ မြန်မာစကား၌ လူကြီးသူမများကို မတော်တဆ ထိခိုက်မိ တိုက်မိပါက
ကန်တော့ ကန်တော့”  ဟု တောင်းပန်စကား ဆိုလေ့ရှိကြသည်။
ရှိခိုးပါ၏ ဟုအဓိပ္ပာယ်ရပါသည်။

ကန်တော့ရသော အကျိုးအားကြောင့်=ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် ဟု ဆိုလိုပါသည်။

အပါယ်လေးပါး=အပါယ=(အပ+အယ။ အယ=ချမ်းသာ+အပ=ကင်းခြင်း) ချမ်းသာကင်းသောအရပ်၊ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြပါ အရပ်ဌာန( ၄ )ခုကို အပါယ်ဟုခေါ်သည်။


ငရဲ=ငရဲထိန်း၊ ငရဲမီး စသည်တို့ဖြင့် အမြဲ နှိပ်စက်ခံရသော ဘုံဌာန၊
တိရစ္ဆာန်=မဂ်ဖိုလ် နိဗ္ဗာန်တရားတော်နှင့် ဖီလာကန့်လန့် ဖြစ်နေသော သတ္တ၀ါတို့၏ ဘုံဌာန
ပြိတ္တာ=စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံဌာန
အသူရကာယ်=ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင် ဆင်းရဲ ခံနေရသူများ၏ ဘုံဌာန

ကပ်သုံးပါး=ကပ္ပ=ကပ်=တစ်ခုသော အချိန်ကာလခေတ်၊ ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်ချိန်ကာလကို ကပ်ဟုခေါ်သည်။ ကပ်သုံးပါးမှာ-


ဒု ဗ္ဘိက္ခ န္တရကပ်=ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသည့်ခေတ်ကာလ... (ကြီးကျယ်သော ငတ်မွတ်ခြင်းဘေးကို - မဟာသရောကြီး - ဟုခေါ်သည်။) လူသားအများလောဘထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
သတ္တ န္တရကပ်=လက်နက်ဘေး (သို့) စစ်ဘေး အန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများဒေါသထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။
ရောဂန္တရကပ်= ကူးစက်ရောဂါ ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများ မောဟထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

ရပ်ပြစ်ရှစ်ပါး=ယင်းအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတောင်ကို နာကြားခွင့် မရခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်း မရှိခြင်းကြောင့် ရပ်ပြစ်ရှစ်ပါး ဟုခေါ်သည်။

ငရဲ.......
တိရ စ္ဆာန်.....
ပြိတ္တာ.....
လွန်စွာ အသက်တမ်း၇ှည်သော အရူပဗြဟ္မာနှင့် အသညာသတ်ဗြဟ္မာ၊
( အရူပဗြဟ္မာ=ရုပ်မရှိ၊နာမ်တရားသက်သက်သာရှိသည်။ အသညာသတ်ဗြဟ္မာ=နာမ်တရားမရှိ၊ ရုပ်သက်သက်သာ၇ှိသည်။)
ပစ္စ န္တရစ်အရပ်သား=တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍ ဝေါဟာရ မပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။
မိစ္ဆာဒိဌိ=မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်
ဒုပ္ပည=အသိညာဏ်လူစဉ်မမီသူ
သာသနာပ ကာလ

ရန်သူမျိုးငါးပါး=ရန်သူ ဝေရရန်၊ ရန်သူ၊ ဗုဒ္ဓ ဘာသာဝင်တို့သည် ဘုရားရှိခိုးဆုတောင်းတိုင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးအောင် ဆုတောင်းလေ့ရှိကြသည်။ ယင်းရန်သူမျိုးငါးပါးမှာ-
ရေ....
မီး.....
မင်းဆိုး....
ခိုးသူ.....
အမွေခံသားဆိုး၊ သမီးဆိုး တို့ဖြစ်သည်။

ဝိပတ္တိတရားလေးပါး=၀ိပတ္တိ၊ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။

(၁)မင်းဆိုး မင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊
(၂)အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
(၃)ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
(၄)အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မရှိခြင်း။


ဗျသနတရားငါးပါး= ဗျသန၊ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ဗျသနတရား ငါးပါးရှိသည်။
(၁)ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း၊
(၂)ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
(၃)ရောဂဗျသန - အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊
(၄) ဒိဋ္ဌိဗျသန - အယူမှား၍ ပျက်စီးခြင်း၊
(၅)သီလဗျသန - သီလ ပျက်စီးခြင်း။


မဂ်တရား =မဂ်တရားလေးပါး- လောဘစသော ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော တ၇ားလမ်းကို မဂ်ဟုခေါ်သည်။
(၁)သောတပတ္တိမဂ်
(၂)သကဒါဂါမိမဂ်
(၃)အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်တရား=မဂ်၏ တိုက်ရိုက် အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်.. ဖိုလ်တရားလေးပါး-
သောတပတ္တိဖိုလ်
သကဒါကါမိဖိုလ်
အနာဂါမိဖိုလ်
အရဟတ္တဖိုလ်
နိဗ္ဗာန်တရားတော်မြတ် ။ ။ အလုံးစုံကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓါတ်သဘောကို နိဗ္ဗာန် ဟုခေါ်ပါသည်...ရာဂ၏ ကုန်ရာ၊ ဒေါသ၏ ကုန်ရာ၊ မောဟ၏ ကုန်ရာ သည် နိဗ္ဗာန်မည်၏။
သြကာသကန်တော့ခန်းရှင်းလင်းချက်ကိုနားလည်ကြမည်ဟုယုံကြည့်ပါသည် အကယ်၍များ
စာလုံးပေါင်းမှားနေပါက ပြင်ဆင်ဖတ်ရူကြပါရန် လက်ကွက်မရ၍ဖြစ်ပါသည်။ အရှင်မုနိန္ဒ(ပန်းထော်) သြကာသကန်တော့ချီုးမှ မှိငြမ်းရေးသာပါသည်။
>>>ဆက်ဖတ်ရန်>>> >>

( သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာ )



“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ”
 နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ

(၁) သတ္တန္တရကပ် - တုတ်၊ဓား၊ သေနတ်စသောလက်နက်အားဖြင့်ပျက်စီးရသော ခောတ်ကာလ။

(၂) ရောဂန္တရကပ်-
ကျောက်ရောဂါ၊၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။

(၃) ဒုဗ္ဘိက္ခန္တရကပ် -
ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။

ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ်ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။

၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)

၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။

၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။

၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။

၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။

ဝိပတ္တိတရားလေးပါးဆိုသည်ကား
(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ- (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရားငါးပါးဆိုသည်ကား
(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်တရား
(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်တရား
(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်
နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်။မျှဝေကုသိုလ်ပြုပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Friday, 26 June 2015

( အဋ္ဌကထာ ဆိုတာဘာလဲ )

ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်လူငယ်များသည်ဘာသာရေးအသိအလွန်ပင်အားနည်းလျက်ရှိသည်ကို
 တွေ့နေမြင်နေရပါသည်။အကြောင်းတိုက်ဆိုင်၍ဘာသာရေးအကြောင်းပြောကြရာတွင်"အဋ္ဌကထာ"
ကဒီလိုဖွင့်ပြတယ်၊"အဋ္ဌကထာ"ကဒီလိုဆိုတယ်စသည်အားဖြင့်ရှင်းပြ ပြောဆိုမိတဲ့အခါမှာလူငယ်အများစုမှာ
"အဋ္ဌကထာ"ဆိုတာဘာကိုပြောမှန်းသိနားလည်ကြခြင်းမရှိကြသည်ကို တွေ့ရှိရပါသည်။ထို့ကြောင့်
"အဋ္ဌကထာ"ဆိုသည်မှာအဘယ်နည်းဟုသိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါသည် ။
မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်
အဓိပ္ပာယ်အသိခက်ကွယ်ဝှက်တိမ်မြုပ်နေသည်ကိုသိလွယ်မြင်လွယ်ရန်အနက်အဓိပ္ပာယ်ပေါ်
လွင်အောင်ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။
ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောကသြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကိုယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာသြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော် ဟုခေါ်သည် ။
ဂါထာသက်သက်ဖြင့် ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်သည် ။ ယင်း ဓမ္မပဒပါဠိတော် ဂါထာတစ်ပုဒ်ကို ယူပြီး အဋ္ဌကထာဆရာက " ဇောတိကမထေရ် " စသဖြင့် ၀တ္ထုများကို ရေးသားတော် မူခဲ့ခြင်း ဖြစ်သည် ။
ဤသို့ ရေးသားရာတွင် " ဇောတိကမထေရ် " ၏ ပစ္စုပ္ပန်အကြောင်းအရာ အတ္ထုပတ္တိကိုရော ၊အတိတ်အကြောင်းအရာ အတ္ထုပတ္တိ ကိုပါ ဖော်ပြ ရေးသားခဲ့ရသည် ။
အဋ္ဌကထာ ကား အိန္ဒိယတွင် သင်္ဂါယနာသုံးတန်တင်ခဲ့သော အဋ္ဌကထာ သာသနာသက္ကရာဇ်
(၂၃၅)တတိယသင်္ဂါယနာတင်ပြီးနောက်ကိုးတိုင်း၊ကိုးဌာနသို့သာသနာပြုရဟန်းတော်များကို စေလွှတ်၍ သီဟိုဠ်သို့ သာသနာရောက်ရှိပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော သီဟိုဠ်အဋ္ဌကထာ နှင့် သာသနာသက္ကရာဇ် ( ၉၀၀ ) နှင့် ( ၁၀၀၀ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သောအဋ္ဌကထာသစ်များ ဟူ၍ ရှိသည် ။
တတိယသင်္ဂါယနာ တင်ချိန်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာကို အမြစ်ပါလှန်ရန် ပူးသတ်နေကြသော
အယူဝါဒအများအပြား ပေါ်နေပြီဖြစ်သည် ။ နောက်ပိုင်းတွင် ထေရ၀ါဒသာသနာ အိန္ဒိယမှ ပျောက်ကွယ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေသာ နောက်ပိုင်းတွင်ပြန့်ပွားထွန်းကားလျက် ရှိကြသည် ။ ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေလာ အဆိုများမှာ အမွှမ်းတင်မှု လွန်ကဲသော အကြောင်းအရာ အများအပြားပါဝင်သော စာပေ ဖြစ်သည် ။ သီဟိုဠ်ကျွန်းသို့သာသနာရောက်ပြီးနောက် ထေရ၀ါဒ နှင့်အပြိုင် မဟာယာနဂိုဏ်းများလည်း အစုအဖွဲ့ကြီးမားစွာ ရှိခဲ့သည်ကိုအားလုံး အသိပင် ဖြစ်သည် ။ ထို့ကြောင့် သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာများတွင် ယင်း မဟာယာန တို့၏ လွန်ကဲသောအဆိုအမိန့်များအရိပ်အငွေ့ကင်းနိုင်မည် မဟုတ်ဟု ယူဆနိုင်သည် ။
သာသနာသက္ကရာဇ် ၉၀၀ - ၁၀၀၀ အကြား အေဒီ - ၅ - ရာစုအတွင်း သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာသော ရှင်မဟာဗုဒ္ဓဃောသ ၊ ရှင်ဗုဒ္ဓတ္ထ စသော အဋ္ဌကထာသစ်ကျမ်းပြု အရှင်မြတ်များသည် သီဟိုဠ်တွင်ရှိရင်း အဋ္ဌကထာများကိုပင် အခြေခံ၍ အဋ္ဌကထာသစ်များကို ပြုစုတော်မူခဲ့ရသဖြင့် ယင်းအဋ္ဌကထာသစ်များတွင် ယင်းမဟာယာန တို့၏ လွန်ကဲသော အမွှမ်းတင် အဆိုအမိန့် အရိပ်အငွေ့များလည်း ပါဝင်လာရခြင်း ဖြစ်သည် ဟု ယူဆနိုင်ပြန်သည် ။ ယနေ့ ရဟန်းတော်များ ၊ ဗုဒ္ဓဘာသာဝင်များ အသုံးပြု ကိုးကား နေ
ကြသော အဋ္ဌကထာများမှာ အဋ္ဌကထာသစ်များသာ ဖြစ်ပါသည် ။ ဋီကာ များကား အလွန်နောက်ကျမှပေါ်လာသော ကျမ်းများ ဖြစ်ကြသည် ။
အဋ္ဌကထာသစ်များသီဟိုဠ်ကျွန်းတွင် --
၁ ။ မဟာဝိဟာရ၀ါသီ ( ထေရ၀ါဒ )
၂ ။ အဘယဂီရိဝါသီ ( မဟာယာန )
၃ ။ ဇေတ၀န၀ါသီ ( ဟီနယာန ) ဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲပြားတည်ရှိနေချိန်တွင်
သာသနာနှစ်၉၇၆ ၊ အေဒီ - ၄၄၂ တွင် သီဟိုဠ်သို့ ရောက်ရှိလာသော တရုတ်ရဟန်းတော်အရှင်ဖာဟိယန် သည်အဘယဂီရိဝါသီဂိုဏ်းသို့ကြွ၍ မဟာယာန စာပေများကို ကူးယူပြီး တရုတ်ပြည်သို့ သယ်ဆောင်သွားသကဲ့သို့သာသနာသက္ကရာဇ် - ၉၆၅ - အေဒီ - ၄၂၁ တရုတ်ရဟန်းတော်ဖာဟိယန် ထက်
 ( ၁၁ ) နှစ် စော၍ သီဟိုဠ်သို့
ရောက်ရှိတော်မူလာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မဟာဝိဟာရ၀ါသီဂိုဏ်းသို့ ကြွ၍ထေရ၀ါဒဗုဒ္ဓစာပေများကို ကူးယူပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်တော်မူခဲ့သည် ။
ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်သို့ ရောက်ရှိတော်မူပြီးနောက် ရှေးဦးစွာ သီဟိုဠ်
ဘာသာကို သင်ယူတော်မူခဲ့သည် ။ ၄င်းနောက် သီဟိုဠ်ဘာသာဖြင့် ရှိနေသော ပိဋကစာပေများကို မာဂဓဘာသာဖြင့် ပြန်ဆို ကူးရေးတော်မူသည် ။ သီဟိုဠ်သို့ သာသနာပြု ရှင်မဟိန္ဒမထေရ်မြတ်တို့ သယ်ဆောင်၍သင်ကြားပို့ချခဲ့သော ပိဋကတ်တော်များ ၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော ပိဋကတ်တော်များ သည် မာဂဓဘာသာဖြင့် မှတ်တမ်းပြုစုတည်ရှိခဲ့သော်လည်း နောက်ပိုင်း ဓမ္မကထိကရဟန်းတစ်ပါးက သီဟိုဠ်ဘာသာသို့
ပြောင်းလဲပြန်ဆိုခဲ့သဖြင့် ရှင်မဟာဗုဒ္ဓဃောသသီဟိုဠ်ရောက်ချိန်တွင်ပိဋကတ်တော်များမှာ သီဟိုဠ်ဘာသာဖြင့် ရှိနေခဲ့သည် ။
ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသ သည် ရှေးဦးစွာ သီဟိုဠ်ဘာသာကို သင်ယူပြီး ပါဠိတော်နည်းဖြင့်
ပြန်လည်ကူးရေးတော်မူခဲ့သည် ။ ပါဠိတော်နည်း ဟူသည် မာဂဓဘာသာ ဖြစ်ကြောင်း သာရတ္ထကျမ်းတွင်ဖော်ပြထားသည် ။ သီဟိုဠ်အဋ္ဌကထာကြီးများကို အခြေခံ၍ အဋ္ဌကထာသစ်များကိုလည်း ရေးသားတော်မူခဲ့သည် ။ ရှင်မဟာဗုဒ္ဓဃောသ ရေးသားတော်မူသော အဋ္ဌကထာသစ်များတွင် သီဟိုဠ်အဋ္ဌကထာပါ အဆို
အမိန့်များ အကျုံးဝင်ပြီးဖြစ်၍ သီဟိုဠ်အဋ္ဌကထာများကို ပြန်လည်ကြည့်ရှုရန် မလိုတော့သဖြင့် ရှင်မဟာဗုဒ္ဓဃောသ ၏ အဋ္ဌကထာသစ်များဖြင့် ပါဠိတော်အဖွင့်များ ပြီးပြည့်စုံပြီး ဖြစ်သည် ။
ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် ။ -
( ၁ )ုဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ = နိကာယ်လေးရပ် သုတ္တန္တပိဋက အဖွင့်
( ၂ )သမန္တပါသာဒိကာ အဋ္ဌကထာ = ၀ိနည်း ငါးကျမ်းအဖွင့်
( ၃ )သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ = ဒီဃနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၄ )ပပဉ္စသူဒနီ အဋ္ဌကထာ = မဇ္ဈိမနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၅ )သာရတ္ထပကာသနီ အဋ္ဌကထာ = သံယုတ္တနိကာယ် ပါဠိတော် ငါးကျမ်းအဖွင့်
( ၆ ) မနောရထပူရဏီ အဋ္ဌကထာ = အင်္ဂုတ္တရနိကာယ် ပါဠိတော် ( ၁၁ ) ကျမ်း အဖွင့်
( ၇ )အဌသာလိနီ အဋ္ဌကထာ = အဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော် အဖွင့်
( ၈ )သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ = အဘိဓမ္မာဝိဘင်း ပါဠိတော် အဖွင့်
( ၉ )ပဉ္စပကာရဏ အဋ္ဌကထာ = ကျန်အဘိဓမ္မာ ငါးကျမ်း အဖွင့်
( ၁၀ )ကင်္ခါဝိတရဏီ အဋ္ဌကထာ = ၀ိနယ ပိဋက ဒွေမာတိကာ အဖွင့်
( ၁၁ )ဓမ္မပဒ အဋ္ဌကထာ = ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် အဖွင့်
( ၁၂ )ပရမတ္ထဇောတိကာ အဋ္ဌကထာ = ခုဒ္ဒကပါဌ နှင့် သုတ္တနိပါတ် ပါဠိတော် အဖွင့်
( ၁၃ )ဇာတက အဋ္ဌကထာ = ငါးရာငါးဆယ် ဇာတ်နိပါတ် အဖွင့်ကျမ်းအရေအတွက်အားဖြင့်
( ၆၇ ) ကျမ်းရှိပြီး ဆဋ္ဌသင်္ဂါယနာတင်မူ စာအုပ်အရေအတွက်အားဖြင့် ( ၃၇ ) အုပ် ရှိကြသည် ။ အခြားအဆိုတစ်ရပ်မှာ ပိဋကတ်သမိုင်းလာ အဋ္ဌကထာ ( ၈၅ ) ကျမ်း ရှိသည့်
အနက် --ဒီဃနိကာယ် အဋ္ဌကထာ ( ၃ ) ၊ မဇ္ဈိမနိကာယ် အဋ္ဌကထာ ( ၃ ) ၊ သံယုတ္တနိကာယ် အဋ္ဌကထာ ( ၅ ) ၊အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ( ၁၁ ) ၊ ခုဒ္ဒကနိကာယ် အပါအ၀င် ဇာတ် အဋ္ဌကထာ ( ၃၁ ) ၊ အဘိဓမ္မ အဋ္ဌက-ထာ ( ၇ ) ၊ ၀ိနည်း အဋ္ဌကထာ ( ၅ ) ကျမ်းနှင့် ခုဒ္ဒကပါဋ္ဌ ၊ ဓမ္မပဒ ၊ သုတ္တနိပါတ် ၊ ကင်္ခါဝိတရဏီ ၊ ၀ိသုဒ္ဓီမဂ်အဋ္ဌကထာ ဟူ၍ အဋ္ဌကထာကျမ်းပေါင်း ( ၇၁ ) ကျမ်းကို ရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
ထိုအချိန်က အဋ္ဌကထာကျမ်းသစ်များကို စီရင်တော်မူသော အရှင်မြတ်များမှာ ရှင်မဟာဗုဒ္ဓဃောသ
တစ်ပါးတည်း မဟုတ်ချေ ။ရှင်မဟာဗုဒ္ဓဃောသနှင့်ခေတ်ပြိုင် ရှင်ဗုဒ္ဓတ္ထမထေရ်မြတ်လည်း အဋ္ဌကထာကျမ်းသစ် အနည်းအကျဉ်းကို စီရင်တော်မူခဲ့ပါသေးသည် ။ ရှင်ဗုဒ္ဓတ္ထ စီရင်တော်မူခဲ့သော အဋ္ဌကထာကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည် ။ --
( ၁ )မဓုရတ္ထ၀ိလာသိနီ အဋ္ဌကထာ = ဗုဒ္ဓ၀င် ပါဠိတော် အဖွင့်
( ၂ )၀ိနယ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၃ )ဥတ္တရ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၄ )အဘိဓမ္မာဝတာရ အဋ္ဌကထာ = အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း
( ၅ )ရူပါရူပ၀ိဘာဂ အဋ္ဌကထာ = ရုပ်နာမ်နှစ်ပါးကို ဝေဖန်ပြသောကျမ်း
ကျမ်းအားဖြင့် ( ၁ ) ကျမ်း ၊ အုပ်ရေ ( ၁ ) အုပ် ဖြစ်သည် ။ အခြားအဆိုတစ်ရပ်ကမူ ဤအရှင်သည်
ခုဒ္ဒကနိကာယ် အပါအ၀င် ဗုဒ္ဓ၀င်အဋ္ဌကထာ နှင့် သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့ကို စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
အဋ္ဌကထာသစ်ကျမ်းပြု ခေတ်ပြိုင်သော အရှင်နှစ်ပါး အပြင် ၄င်း အရှင်များနောက်မှ ပေါ်ပေါက်
လာသောအဋ္ဌကထာသစ်ကျမ်းပြုအရှင်မှာ ရှင်ဓမ္မပါလမထေရ်မြတ် ဖြစ်သည် ။ ဤအရှင်ပြုစုတော်မူခဲ့သောအဋ္ဌကထာသစ်မှာ --
၁။ ဥဒါန
၂ ။ က္ကတိဝုတ္တံက
၃ ။ ၀ိမာန၀တ္ထု
၎ ။ ပေတ၀တ္ထု
၅ ။ ထေရဂါထာ
၆ ။ ထေရီဂါထာ
၇ ။ စရိယာပိဋက
၈ ။ နေတ္တိပါဠိတော် အဖွင့် အဋ္ဌကထာများ ဖြစ်သည် ။
၎င်းအားလုံးကို " ပရမတ္ထဒီပနီ " ဟုခေါ်သည် ။ ကျမ်းအားဖြင့် ( ၈ ) ကျမ်း ၊ ဆဋ္ဌမူစာအုပ်ရေး ( ရ )
အုပ် ရှိသည် ။အခြားအရှင်မြတ်များ ပြုစုတော်မူခဲ့သော အခြား အဋ္ဌကထာသစ်များလည်း ရှိသေးသည် ။ ၄င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည် ။
( ၁ )သဒ္ဓမ္မပကာသနီ အဋ္ဌကထာ = ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဖွင့် ။ အရှင်မဟာနာမ ခေါ် အရှင်မဟာဘိဓာနစီရင်တော်မူသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။
( ၂ )သဒ္ဓမ္မပဇ္ဇောတ အဋ္ဌကထာ = စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ပါဠိတော် အဖွင့် ။ အရှင်ဥပသေန ပြုစု စီရင်တော်မူသည် ။ ကျမ်း ( ၂ ) ၊ အုပ်ရေ ( ၁ ) မပြည့် ။
( ၃ ) ၀ိသုဒ္ဒဇန၀ိလာသိနီ အဋ္ဌကထာ = အပါဒါန် ပါဠိတော် အဖွင့် ။ ကျမ်းပြုအရှင် မထင်ရှား ၊ အချို့ကအဘိဓမ္မာ မူလဋီကာ ကျမ်းပြု အရှင်အာနန္ဒာမထေရ် ၏ တပည့် ပြုစုစီရင်တော်မူသည်ဟု ဆိုသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။စုစုပေါင်း အဋ္ဌကထာကျမ်း အရေအတွက် ( ၈၀ ) ဖြစ်ပြီး ဆဋ္ဌမူ အုပ်ရေ ( ၅၁ ) အုပ် ရှိသည် ။သာသနာနှစ် ၁၅ - ရာစုတွင် သီဟိုဠ်တုမူလသောမကျောင်းတွင် သီတင်းသုံးသော အရှင်အနုရုဒ္ဓါမထေရ်မြတ်က အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း ရေးသားတော်မူခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကိုလည်းအဋ္ဌကထာကျမ်းအဖြစ် ရေတွက်ထားသည်။ သေးငယ်သော
ကျမ်းဖြစ်သောကြောင့်"လက်သန်းအဋ္ဌကထာ"ဟုလည်း ခေါ်ဝေါ်လျက်ရှိကြသည် ။
အဋ္ဌကထာ ဆိုသည် အဘယ်နည်းဟု ဖော်ပြရှင်းလင်းပြီးတဲ့အခါ " ဋီကာ " ကျမ်းများကိုလည်း
ချန်ထားခဲ့၍ မရပါ ။ သို့ဖြစ်၍ " ဋီကာ " ဟူသည် အဘယ်နည်းဟု ဆိုသော် --
အဋ္ဌကထာတွင် ဖော်ပြထားသော အနက်အဓိပ္ပာယ်ခက်ဆစ်များကို ထပ်ဆင့်၍ ဖွင့်ပြသောကျမ်းကို
" ဋီကာ " ဟုခေါ်သည် ။ မူလဋီကာ ဖွင့်ပြ ရှင်းလင်းထုတ်ဖော်မှု မပြည့်စုံသေးသဖြင့် ထပ်မံ ဖွင့်ပြသောကျမ်းကို " အနုဋီကာ " ဟုခေါ်သည် ။ အချို့ကို " မဓုဋီကာ " ဟု ခေါ်သည် ။ အချို့ကို ဂဏ္ဌိ ၊ အချို့ကို ယောဇနာဟု ခေါ်သည် ။ ဤဋီကာကျမ်းများကား အဋ္ဌကထာ နောက် အချိန်ကာလ များစွာကြာမှ ပေါ်ပေါက်လာခြင်းဖြစ်သည် ။ မြန်မာပြည်ထွက် ဋီကာကျမ်းများလည်း ရှိသည် ။ကျမ်းကိုး ---မာမက ( သုတေသီ ) မြင်းမိုရ်တောင် ဆိုသည်မှာ။မျှဝေပါ၏
>>>ဆက်ဖတ်ရန်>>> >>