Friday 4 December 2015

ဘုရားများပွင့်တော်မူရာကာလအပိုင်းအခြား



အမေး။ ။အရှင်ဘုရား……ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူ သောဘုရားရှင်များ ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ အပိုင်း အခြားမှာ ပွင့်တော်မူ ခဲ့ပါသလဲ ဘုရား။ နောက်တစ်ခုက ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသော ဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြား ဟောထားတော်မူခဲ့ပါသလဲဘုရား။
ကိုဝင်းဇော်ဦး
တောင်ငူမြို့

အဖြေ။ ။နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားများဟာ ဂေါတမမြတ်စွာဘုရားအလောင်းတော် နိယတဗျာဒိတ်ရတော်မူတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ပွင့်တော်မူခဲ့ကြပါတယ်။ (၅၁၂၀၂၈)ဆူသောဘုရားရှင်များရဲ့ပွင့်ရာကာလအပိုင်းခြားနဲ့ပတ်သက်ပြီး…
ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့အတိတ်သံသရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေမတွက်နိုင်တော့ပါဘူး၊ ထိုမရေမတွက်နိုင် တဲ့ကာလ အပိုင်းအခြားမှာ မရေမတွက်နိုင်တဲ့ ဘုရားရှင်များ ပွင့်တော်မူပြီးခဲ့ကြပါပြီ။ ဒါကြောင့်လဲ “ဂင်္ဂါဝါဠု သဲစုမက” ဆိုတဲ့အတိုင်း ပွင့်တော်မူ ခဲ့ပြီးတဲ့ဘုရားရှင်များဟာလဲ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့အမျှ မရေမတွက်နိုင်တော့ပါဘူး။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ဘုရားရှင် များဟာ မရေမတွက်နိုင်တဲ့ကာလအပိုင်းအခြားမှာ ပွင့်တော်မူခဲ့ကြပြီးဖြစ်ပါတယ်။
နောက်တစ်ခုက ဓါရဏပရိတ်တော်ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ပရိတ်တော်ထဲ မပါပါဘူး။ ဒါပေမဲ့ ရှေးဆရာတော်များက ဘုရားရှင်ရဲ့ဂုဏ်တော်များကို ထည့်သွင်းပြီး ပရိတ်တော်အဖြင့် ပြုလုပ်ပေးထားပါတယ်။ ဓါရဏဆိုတာ ပါဠိစကားလုံးပါ၊ “ဆောင်ခြင်း”လို့အဓိပ္ပါယ် ရပါတယ်။ ဆောင်ထားသင့်တဲ့ဂုဏ်တော်များကို ဆောင်းထားတဲ့အခါ အကျိုးအကျေးဇူး အလွန်ကြီးပြီး အန္တရာယ်များကို ကာကွယ်တားဆီးလို့ “ဓါရဏပရိတ်” လို့ နာမည်တတ်ပြီး ရှေးဆရာတော်ကြီးများက စီစဉ်ထားတာဖြစ်ပါတယ်။
ဓါရဏပရိတ်တော်အစ……….ဘုရားမှာ ဘယ်သူမှ အန္တရာယ်မပြုနိုင်တဲ့ ဂုဏ် လေးခိုင်ကိုထည့်ထားပါတယ်။ အလယ်မှာကျတော့ ဘုရားရှင်များမှာသာရှိတဲ့ အာဝေဏိကဂုဏ်တော်(၁၈)ပါးထည့်ထားပါတယ်။ အဆုံးမှာတော့ ဘုရား(၇)ဆူတို့ကို ရှိခိုးဆုတောင်းကာ သစ္စာ အဓိဋ္ဌာန်ပြုပြီး အဆုံးသတ်ထားတာကို တွေ့ရပါတယ်။ မေးခွန်းရှင်မေးတဲ့ ဘုရားအဆူများစွာဟာ ရှေးဆရာတော်ကြီးများ နှစ်သက်သလို ထည့်တော်မူကြတာ ဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ပြန်လည်မျှဝေပါ၏


>>>ဆက်ဖတ်ရန်>>> >>