Monday 22 September 2014

( သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည် )

( သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည် )

မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍ အမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလ ဂူ၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည် ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလ ဂူတွင် သီတင်းသုံး နေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက် ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်း လျှောက်ထားလိုသည့် စိတ်ကူး ဖြစ်ပေါ်ခဲ့၏။ ထိုအကြံ ကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ် များနှင့်အတူ ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ရောက်ရှိလာပြီး ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် မိမိ သိလိုသည်များကို မေးလျှောက်လေ၏။

ထိုသို့ သိကြားမင်း မေးသဖြင့် ဘုရားရှင် ကိုယ်တိုင် ဖြေကြား ဟောတော်မူ ပေးမှုကို သုတ္တန်အမည် တစ်ခုအဖြစ် မှတ်တမ်း တင်ထားပါ၏။ ထိုသုတ္တန်၏ အမည်ကား “သက္ကပဥှ“ သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟု အဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေး ပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ် နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်း မေး၍ ဘုရားရှင် ဖြေသည်“ ဟူ၍ ခေါင်းစဉ် တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေ များကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာ ကျင့်သုံးနိုင်ရန် အများနားလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

ပရိတ်သတ် အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြော်ပြီး မိမိ သိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင် မေးလျှောက် လေတော့၏။

သိကြားမင်းအမေး…
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗ စသူတို့ဟာ တစ်ဦးအပေါ် တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်း ကင်းကြစေဖို့၊ အမျက်ထွက်ခြင်း ကင်းကြစေဖို့ စသဖြင့် လိုလား တောင့်တကြ ပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး ရန်ငြိုးတွေ ဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင် လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လို အနှောင်အဖွဲ့ကြောင့် ပါလဲဘုရား…“

မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါ တွေဟာ တစ်ဦးနဲ့ တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလား တောင့်တပေမယ့် သူတို့ လိုလားတောင့်တတိုင်း ဖြစ်မလာရ တာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ် မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယ ဆိုတာကတော့ မိမိမှာရှိတဲ့ အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာ မစ္ဆရိယတို့ရဲ့ အခြေခံ အကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်လို တရားများရှိရင် ဒီဣဿာ မစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲ ဘုရား…“

မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာ မစ္ဆရိယတို့ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာ ဖြစ်ပြီး ထင်ရှား တိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်း မုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်း မရှိရင်တော့ ဣဿာ မစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်း မုန်းခြင်းတို့ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာ တို့ဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်း မုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ် ဆိုတာ သိချင်ပါတယ် ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်း မုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်း ဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒ မရှိရင်တော့ ဒီချစ်ခြင်း မုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်း ဆန္ဒရဲ့ အခြေခံ စတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက် ထင်ရှားခြင်းတို့ဟာ ဘာကြောင့် ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်း ဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲ ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက် မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံ စတင်ဖြစ်ပေါ်ရာနဲ့ တိုးတက် ထင်ရှားရာတို့ဟာ ဘာကြောင့် ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲ ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရား အစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက် ပြန့်ပွားခြင်း ဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စ တရားများ ရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံ အားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စ တရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကျင့်သည် မည်ပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်း ဟူသော သောမနဿ၊ နှလုံးမသာခြင်း ဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်း ဟူသော ဥပေက္ခာလို့ ခေါ်တဲ့ ခံစားခြင်း ဝေဒနာ ကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စ တရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကျင့်ရာ ရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿ မှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီ သောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြု ခြင်းကြောင့် မိမိမှာ အကုသိုလ် တရားများ ဆုတ်ယုတ်ပြီး ကုသိုလ် တရားများ တိုးပွားပါက အဲဒီ သောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် နှစ်သက်ခြင်း သောမနဿ ကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿ မှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ် တရား တိုးပွားပြီး ကုသိုလ် တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ် တရားများ ဆုတ်ယုတ်ပြီး ကုသိုလ် တရားများ တိုးပွားပါက အဲဒီ ဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံး မသာခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ နှလုံး မသာခြင်းက ပိုပြီး မြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရ မည်ဟု ဆိုလိုပါ၏။)

လျစ်လျူရှုခြင်း ဥပေက္ခာ မှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ် တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီ ဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ် တရားတိုးပွားပါက အဲဒီ ဥပေက္ခာကို မှီဝဲ အပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူ ရှုခြင်းမှာ ၀ိတက် ၀ိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ် တရား ဆုတ်ယုတ်ပြီး ကုသိုလ် တရား တိုးပွားစေမည့် ကြံစည် သုံးသပ်ခြင်း ကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင် ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

သိကြားမင်း… ဆိုခဲ့ပြီးတဲ့အတိုင်း သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော ဝေဒနာ ကမ္မဋ္ဌာန်းကို လိုက်နာကျင့်ကြံ အားထုတ်နိုင် ပါက သံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ တရားများ ချုပ်ငြိမ်းစေမည် ဖြစ်ပြီး နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကို ကျင့်ရာ ရောက်စေပါတယ်“

အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော် မူထားသည့် မြတ်စွာ ဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ထို အမေးအဖြေ များကို ကြည်ညိုကြည့် ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန် ဒုက္ခများ၏ အခြေခံ ဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှ ဒုက္ခများနှင့် ကြုံတွေ့နေရ ကြောင်းများကို သိရှိနိုင်မည် ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သား နာယူနိုင်မည် ဖြစ်ပါ၏။ သံသရာ ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စ တရားများကြောင့် ကြံစည်ခြင်း ၀ိတက် ဖြစ်ပေါ်လာကြောင်း၊ ၀ိတက် ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒ ဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာ မစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲ စေခြင်း၊ အမျက်ထွက် စေခြင်းများ ဖြစ်ပေါ် လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာ မာန ဒိဋ္ဌိဟူသည့် သံသရာ ချဲ့ထွင်တတ်သည့် တရားများ ကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည် ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန် အတွက်လည်း ဘုရားရှင် ပေးတော်မူသည့်နည်းမှာ ဝေဒနာ ကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။

ထို့ကြောင့် ဒုက္ခအပေါင်း ဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာ မာန ဒိဋ္ဌိဟူသော သံသရာ ချဲ့တတ်သည့် တရားများကို ဝေဒနာ ကမ္မဋ္ဌာန်း ပွားများ အားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင် ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက် ရပေတော့ သတည်း။


သာဓု… သာဓု… သာဓု…ဦးဝိစိတ္တ
>>>ဆက်ဖတ်ရန်>>> >>

Thursday 11 September 2014

ရေဝတ မြတ်စွာဘုရား



၅။ ရေဝတ မြတ်စွာဘုရား


ဂေါတမအလောင်းလျာ အတိဒေဝပုဏ္ဏား

ရေဝတ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသော အခါက အကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ရမ္မာဝတီ မြို့တော်၌ ဆရာစဉ်ဆက် သင်ပြအပ်သော ပုဏ္ဏား တို့၏ အတက်ပညာ၌ တစ်ဖက်ကမ်းခတ် အထွတ်အထိပ်ရောက် တက်မြောက်သော အတိဒေဝ အမည်ရှိသော ပုဏ္ဏား ဖြစ်တော်မူ၍ ရေဝတ မြတ်စွာဘုရားကို ဖူးမြင်ပြီး ထို မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သရဏဂုံ သုံးပါးတို့၌ တည်လျက် ရေဝတ မြတ်စွာဘုရားအား အဖိုးတစ်ထောင် ထိုက်သော အပေါ်ရုံအဝတ်ဖြင့် ပူဇော်လေ၏။ ရေဝတ မြတ်စွာဘုရား သည် ထို အလောင်းတော် အတိဒေဝပုဏ္ဏား ကို " ဤ ကမ္ဘာမှ နောက် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ ဂေါတမ မည်သော ဘုရားစင်စစ် ဖြစ်လတ္တံ့ " ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူလေသတည်း။

ရေဝတ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကို ကြားရလျှင် အလောင်းတော် အတိဒေဝပုဏ္ဏား သည် အတိုင်းထက်အလွန် စိတ်ကို ကြည်လင်စေ၍ ပါရမီတော် ဆယ်ပါး တို့ကို တိုးတက်ဖြည့်ကျင့်ရန် ပါရမီတော် တို့ကို အောက်မေ့ဆင်ခြင်ပွားများပြီး " ငါ အလိုရှိအပ် တောင့်တအပ်သော ဘုရားအဖြစ်ကို လက်ရောက်ပိုင်ပိုင် ရရှိနိုင်အောင် ငါ ဆောင်ယူပေတော့အံ့ " ဟူ၍ ရဲရင့်စွာ အဓိဋ္ဌာန် ဆောက်တည်တော် မူလေသတည်း။

ရေဝတ မြတ်စွာဘုရားထံမှ ဗျာဒိတ်ခံယူခြင်း ပြီး၏။

>>>ဆက်ဖတ်ရန်>>> >>

သုမန မြတ်စွာဘုရား



၎။ သုမန မြတ်စွာဘုရား


ဂေါတမအလောင်းလျာ အတုလ နဂါးမင်း

သုမန မြတ်စွာဘုရား ပွင့်တော်မူသော အခါက ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တန်ခိုးအာနုဘော်ကြီးသော အတုလ မည်သော နဂါးမင်း ဖြစ်လေ၏။ ထို အလောင်းတော် နဂါးမင်းသည် " လောကသုံးပါး၌ ဘုရားပွင့်တော်မူပြီ " ဟု ကြားသိရ၍ ဆွေမျိုးနဂါးအပေါင်း ခြံရံလျက် မိမိ၏နေရာ ဘုံဗိမာန်မှ ထွက်၍ ရဟန်းတော် အပေါင်း ကုဋေတစ်သိန်း အခြံအရံ ရှိသော သုမန မြတ်စွာဘုရားအား နတ်၌ဖြစ်သော အတီး အမှုတ် တူရိယာ တို့ဖြင့် ပူဇော်၍ ဆွမ်းဘောဇဉ်၊ အဖျော် အစရှိသော ကြီးစွာသော အလှူကို ပေးလှူပြီးနောက် တစ်ပါးစီ တစ်ပါးစီသော ရဟန်းလျာ ပုဆိုးအစုံ တို့ကို ပေးလှူပြီး သရဏဂုံ၌ တည်လေ၏။

>>>ဆက်ဖတ်ရန်>>> >>

မင်္ဂလ မြတ်စွာဘုရား



၃။ မင်္ဂလ မြတ်စွာဘုရား
ဂေါတမအလောင်းလျာ သုရုစိ ပုဏ္ဏား

မင်္ဂလ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသော အခါက အကျွန်ုပ် တို့၏ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် သုရုစိ မည်သော ပုဏ္ဏားရွာကြီး၌ သုရုစိ အမည်ရှိသော ပုဏ္ဏားဖြစ်၍ ဝေဒ ဟု ဆိုအပ်သော ဗေဒင်ကျမ်း၊ နိဃဏ္ဍု ဟု ဆိုအပ်သော အဘိဓာန်ကျမ်း၊ ကေဋုဘ ဟု ဆိုအပ်သော အလင်္ကာကျမ်း၊ အက္ခရပဘေဒ ဟု ဆိုအပ်သော သဒ္ဒါကျမ်း၊ ဣတိဟာသ ဟု ဆိုအပ်သော ရှေးဟောင်းပုံပြင် ရာဇဝင်ကျမ်း ငါးခုမြောက် ဖြစ်သော ကျမ်းတို့၏ ပါရဂူမြောက် ကမ်းတစ်ဖက်သို့ ရောက်တော်မူ၏။

ပဒက ခေါ် ဂါထာ၊ ဝေယျာကရဏ ခေါ် စုဏ္ဏိယ စကားပြေ တို့ကိုလည်း ရေးသာရွတ်ဆို ကောင်းစွာ တက်မြောက် လိမ္မာတော်မူ၏။ ကုသိုလ်မပွား လောကကြီးကိုသာ ရှည်လျားစေသော လောကယတကျမ်း၊ ယောက်ျားမြတ်တို့၏ လက္ခဏာ နှင့်တကွ လူအမျိုးမျိုး တို့၏ လက္ခဏာ တို့ကို ဖော်ပြသော မဟာပုရိသ လက္ခဏာကျမ်း တို့၌လည်း ဉာဏ်ပညာ ယုတ်လျော့ခြင်း မရှိ ပြည့်စုံတော်မူ၏။

ထို အလောင်းတော် သုရုစိ ပုဏ္ဏားသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရလေရာ မြတ်စွာဘုရား၌ ကြည်ညိုလှသဖြင့် သရဏဂုံ ဆောက်တည်ပြီးလျှင် တပည့်သား သံဃာတော်များ နှင့်တကွ မင်္ဂလ မြတ်စွာဘုရားကို " မြတ်စွာဘုရား ... နက်ဖြန် တပည့်တော်၏ ဆွမ်းကို ခံယူတော်မူပါဘုရား " ပင့်ဖိတ်လေ၏။

ထို အလောင်းတော် သုရုစိ ပုဏ္ဏားကို မင်္ဂလ မြတ်စွာဘုရားက " အို ပုဏ္ဏား ... အဘယ်မျှလောက်သော ရဟန်း တို့ကို အလိုရှိသနည်း " ဟု မေးလေ၏။

ထိုအချိန်၌ သာဝကများ၏ ပထမသန္နိပါတ-ပထမအကြိမ် အစည်းအဝေးချိန် ဖြစ်၍ သာဝကပေါင်း ကုဋေတစ်သိန်း ရှိလေရာ အလုံးစုံ ကုဋေတစ်သိန်းသော သာဝကတို့ နှင့်အတူ တပည့်တော်တို့၏ ဆွမ်းကို အလှူခံတော်မူပါ ဘုရား " ဟု ပုဏ္ဏားက လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် လက်ခံတော်မူလေ၏။

အလောင်းတော် သုရုစိ ပုဏ္ဏားသည် မင်္ဂလ မြတ်စွာဘုရားကို နက်ဖြန် အတွက် ဆွမ်းဖိတ်ပြီး အိမ်သို့ ပြန်ရောက်လျှင် ကြံစည်သည်မှာ " ငါသည် ဤမျှ များပြားကုန်သော ရဟန်းတို့အား ယာဂုဆွမ်း၊ အဝတ်သင်္ကန်း အစရှိသည်တို့ကို ပေးလှူရန် တက်နိုင်ပါသည်။ သိုသော်လည်း နေရာထိုင်ခင်း အတွက် သည်ကား ဘယ်သို့ဖြစ်နိုင်ပါအံ့နည်း " ဟု ကြံစည်စဉ်းစား၏။ ထို အလောင်းတော်၏ အကြံအစည် စဉ်းစားခြင်းသည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ထိပ်ရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက် နေရာ၏ ပူနွေးသော အခြင်းအရာကို ဖြစ်စေ၏။

>>>ဆက်ဖတ်ရန်>>> >>

ကောဏ္ဍည မြတ်စွာဘုရား



၂။ ကောဏ္ဍည မြတ်စွာဘုရား

ဂေါတမအလောင်းလျာ ဝိဇိတာဝီ စကြဝတေးမင်း

အကျွန်ုပ် တို့၏ ဂေါတမမြတ်စွာဘုရားလောင်းတော်သည် ဝိဇိတာဝီ မည်သော စကြဝတေးမင်း ဖြစ်၍ စန္ဒဝတီမြို့၌ အုပ်စိုး၍ နေ၏။ ထိုအခါ ကောဏ္ဍည မြတ်စွာဘုရား သည်လည်း ကုဋေတစ်သိန်းသော ရဟန္တာ အပေါင်း ခြံရံလျက် ဇနပုဒ် များသို့ ဒေသစာရီ ကြွချီတော်မူလေရာ အစဉ်သဖြင့် စန္ဒဝတီပြည်သို့ ကောင်းစွာ ရောက်ရှိတော်မူလာ၏။

ထို အလောင်းတော် ဝိဇိတာဝီ စကြဝတေးမင်း သည် " ကောဏ္ဍည မြတ်စွာဘုရား ကြွလာရောက်ရှိကြောင်းကို ကြားသိတော်မူ၍ ခရီးဦးကြိုဆိုကာ မြတ်စွာဘုရား သီတင်းသုံးနေထိုင်တော်မူရန် နေရာဌာန (ကျောင်း) ကို စီစဉ်၍ နက်ဖြန်နံနက်ဆွမ်းအတွက် တပည့်သာဝက ရဟန်းသံဃာအပေါင်းနှင့် တကွ မြတ်စွာဘုရား ကို ပင့်ဖိတ်ကာ နောက်တစ်နေ့ဝယ် ဆွမ်းဘောဇဉ် တို့်ကို ကောင်းစွာ ပြင်ဆင်လျက် ကောဏ္ဍည မြတ်စွာဘုရား အမှူးရှိသော ကုဋေတစ်သိန်း အရေအတွက် ရှိသော ရဟန္တာ သံဃာတော် အပေါင်းအား ကြီးစွာသော ဆွမ်းအလှူကို ပေးလှူလေ၏။

အလောင်းတော် ဝိဇိတာဝီမင်းသည် ကောဏ္ဍည မြတ်စွာဘုရားကို ဆွမ်းကပ်လှူပြီး ဆွမ်းအနုမောဒနာတရားကို နာကြား ပြီးသည်၏ အဆုံး၌ " အရှင်ဘုရား ... အရှင်ဘုရား တို့သည် များစွာသော လူအပေါင်းအား ချီးမြှောက်ခြင်းကို ပြုတော်မူလျက် ဤ စန္ဒဝတီ နေပြည်တော် ၌ပင်လျှင် (ဝါတွင်းသုံးလပတ်လုံး) သီတင်းသုံး နေထိုင်တော်မူပါကုန် အရှင်ဘုရား " ဟု တောင်းပန် လျှောက်ထား ပြီးလျှင် (ဝါတွင်းသုံးလပတ်လုံး) အမြဲမပြတ် ကောဏ္ဍည မြတ်စွာဘုရား အမှူးရှိသော ရဟန္တာ သံဃာတော် အပေါင်းအား အတုမရှိသော အလှူကြီးကို ပေးလှူတော်မူလေ၏။

>>>ဆက်ဖတ်ရန်>>> >>

ဒီပင်္ကရာ မြတ်စွာဘုရား



၁။ ဒီပင်္ကရာ မြတ်စွာဘုရား

ဂေါတမအလောင်းတော် သုမေဓာ

ဤ ကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သို့မဟုတ် ကပ်တစ်သိန်း) ထက်၌ " အမရဝတီ " အမည်ရှိသော နေပြည်တော်သည် ထွန်းပေါ် ထင်ရှား ဖြစ်ပွားခဲ့၏။

ထို အမရဝတီ နေပြည်တော်၌ သုမေဓာ အမည်ရှိသော ပုဏ္ဏားသည် နေ၏။ ( ချီးမွမ်းအပ်သော ပညာရှိသောကြောင့် " သုမေဓာ " ဟူ၍ ထင်ရှားကျော်စောသည် ) ထို သုမေဓာ ပုဏ္ဏားသည် အမိအဖ နှစ်ဖက်စုံမှ ကောင်းသော ဗြာဟ္မဏဇာတ် ရှိသူ ဖြစ်ပေသည်။ ဗေဒင်သုံးပုံ တို့ကိုလည်း တစ်ဖက်ကမ်းခပ် တက်မြောက်၍ ဘုရားအလောင်း စသော အလောင်းတော် သူမြတ်တို့၏ လက္ခဏာမှ စ၍ လက္ခဏာ အမျိုးမျိုးကို ဖော်ပြရာ မဟာပုရိသလက္ခဏာကျမ်း၊ ဆရာအဆက်ဆက် သင်ပြအပ်သော ပုဏ္ဏား တို့၏ ပညာရပ်တို့၌လည်း အဆုံးတိုင် တက်မြောက်သူ ပါမောက္ခ ဆရာကြီးလည်း ဖြစ်ပေသည်။

>>>ဆက်ဖတ်ရန်>>> >>