Thursday 11 September 2014

ရေဝတ မြတ်စွာဘုရား



၅။ ရေဝတ မြတ်စွာဘုရား


ဂေါတမအလောင်းလျာ အတိဒေဝပုဏ္ဏား

ရေဝတ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသော အခါက အကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ရမ္မာဝတီ မြို့တော်၌ ဆရာစဉ်ဆက် သင်ပြအပ်သော ပုဏ္ဏား တို့၏ အတက်ပညာ၌ တစ်ဖက်ကမ်းခတ် အထွတ်အထိပ်ရောက် တက်မြောက်သော အတိဒေဝ အမည်ရှိသော ပုဏ္ဏား ဖြစ်တော်မူ၍ ရေဝတ မြတ်စွာဘုရားကို ဖူးမြင်ပြီး ထို မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် သရဏဂုံ သုံးပါးတို့၌ တည်လျက် ရေဝတ မြတ်စွာဘုရားအား အဖိုးတစ်ထောင် ထိုက်သော အပေါ်ရုံအဝတ်ဖြင့် ပူဇော်လေ၏။ ရေဝတ မြတ်စွာဘုရား သည် ထို အလောင်းတော် အတိဒေဝပုဏ္ဏား ကို " ဤ ကမ္ဘာမှ နောက် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ ဂေါတမ မည်သော ဘုရားစင်စစ် ဖြစ်လတ္တံ့ " ဟု ဗျာဒိတ်စကား မြွက်ကြားတော်မူလေသတည်း။

ရေဝတ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကို ကြားရလျှင် အလောင်းတော် အတိဒေဝပုဏ္ဏား သည် အတိုင်းထက်အလွန် စိတ်ကို ကြည်လင်စေ၍ ပါရမီတော် ဆယ်ပါး တို့ကို တိုးတက်ဖြည့်ကျင့်ရန် ပါရမီတော် တို့ကို အောက်မေ့ဆင်ခြင်ပွားများပြီး " ငါ အလိုရှိအပ် တောင့်တအပ်သော ဘုရားအဖြစ်ကို လက်ရောက်ပိုင်ပိုင် ရရှိနိုင်အောင် ငါ ဆောင်ယူပေတော့အံ့ " ဟူ၍ ရဲရင့်စွာ အဓိဋ္ဌာန် ဆောက်တည်တော် မူလေသတည်း။

ရေဝတ မြတ်စွာဘုရားထံမှ ဗျာဒိတ်ခံယူခြင်း ပြီး၏။

No comments:

Post a Comment