Friday 26 June 2015

( အဋ္ဌကထာ ဆိုတာဘာလဲ )

ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်လူငယ်များသည်ဘာသာရေးအသိအလွန်ပင်အားနည်းလျက်ရှိသည်ကို
 တွေ့နေမြင်နေရပါသည်။အကြောင်းတိုက်ဆိုင်၍ဘာသာရေးအကြောင်းပြောကြရာတွင်"အဋ္ဌကထာ"
ကဒီလိုဖွင့်ပြတယ်၊"အဋ္ဌကထာ"ကဒီလိုဆိုတယ်စသည်အားဖြင့်ရှင်းပြ ပြောဆိုမိတဲ့အခါမှာလူငယ်အများစုမှာ
"အဋ္ဌကထာ"ဆိုတာဘာကိုပြောမှန်းသိနားလည်ကြခြင်းမရှိကြသည်ကို တွေ့ရှိရပါသည်။ထို့ကြောင့်
"အဋ္ဌကထာ"ဆိုသည်မှာအဘယ်နည်းဟုသိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါသည် ။
မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်
အဓိပ္ပာယ်အသိခက်ကွယ်ဝှက်တိမ်မြုပ်နေသည်ကိုသိလွယ်မြင်လွယ်ရန်အနက်အဓိပ္ပာယ်ပေါ်
လွင်အောင်ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။
ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောကသြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကိုယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာသြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော် ဟုခေါ်သည် ။
ဂါထာသက်သက်ဖြင့် ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်သည် ။ ယင်း ဓမ္မပဒပါဠိတော် ဂါထာတစ်ပုဒ်ကို ယူပြီး အဋ္ဌကထာဆရာက " ဇောတိကမထေရ် " စသဖြင့် ၀တ္ထုများကို ရေးသားတော် မူခဲ့ခြင်း ဖြစ်သည် ။
ဤသို့ ရေးသားရာတွင် " ဇောတိကမထေရ် " ၏ ပစ္စုပ္ပန်အကြောင်းအရာ အတ္ထုပတ္တိကိုရော ၊အတိတ်အကြောင်းအရာ အတ္ထုပတ္တိ ကိုပါ ဖော်ပြ ရေးသားခဲ့ရသည် ။
အဋ္ဌကထာ ကား အိန္ဒိယတွင် သင်္ဂါယနာသုံးတန်တင်ခဲ့သော အဋ္ဌကထာ သာသနာသက္ကရာဇ်
(၂၃၅)တတိယသင်္ဂါယနာတင်ပြီးနောက်ကိုးတိုင်း၊ကိုးဌာနသို့သာသနာပြုရဟန်းတော်များကို စေလွှတ်၍ သီဟိုဠ်သို့ သာသနာရောက်ရှိပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော သီဟိုဠ်အဋ္ဌကထာ နှင့် သာသနာသက္ကရာဇ် ( ၉၀၀ ) နှင့် ( ၁၀၀၀ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သောအဋ္ဌကထာသစ်များ ဟူ၍ ရှိသည် ။
တတိယသင်္ဂါယနာ တင်ချိန်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာကို အမြစ်ပါလှန်ရန် ပူးသတ်နေကြသော
အယူဝါဒအများအပြား ပေါ်နေပြီဖြစ်သည် ။ နောက်ပိုင်းတွင် ထေရ၀ါဒသာသနာ အိန္ဒိယမှ ပျောက်ကွယ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေသာ နောက်ပိုင်းတွင်ပြန့်ပွားထွန်းကားလျက် ရှိကြသည် ။ ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေလာ အဆိုများမှာ အမွှမ်းတင်မှု လွန်ကဲသော အကြောင်းအရာ အများအပြားပါဝင်သော စာပေ ဖြစ်သည် ။ သီဟိုဠ်ကျွန်းသို့သာသနာရောက်ပြီးနောက် ထေရ၀ါဒ နှင့်အပြိုင် မဟာယာနဂိုဏ်းများလည်း အစုအဖွဲ့ကြီးမားစွာ ရှိခဲ့သည်ကိုအားလုံး အသိပင် ဖြစ်သည် ။ ထို့ကြောင့် သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာများတွင် ယင်း မဟာယာန တို့၏ လွန်ကဲသောအဆိုအမိန့်များအရိပ်အငွေ့ကင်းနိုင်မည် မဟုတ်ဟု ယူဆနိုင်သည် ။
သာသနာသက္ကရာဇ် ၉၀၀ - ၁၀၀၀ အကြား အေဒီ - ၅ - ရာစုအတွင်း သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာသော ရှင်မဟာဗုဒ္ဓဃောသ ၊ ရှင်ဗုဒ္ဓတ္ထ စသော အဋ္ဌကထာသစ်ကျမ်းပြု အရှင်မြတ်များသည် သီဟိုဠ်တွင်ရှိရင်း အဋ္ဌကထာများကိုပင် အခြေခံ၍ အဋ္ဌကထာသစ်များကို ပြုစုတော်မူခဲ့ရသဖြင့် ယင်းအဋ္ဌကထာသစ်များတွင် ယင်းမဟာယာန တို့၏ လွန်ကဲသော အမွှမ်းတင် အဆိုအမိန့် အရိပ်အငွေ့များလည်း ပါဝင်လာရခြင်း ဖြစ်သည် ဟု ယူဆနိုင်ပြန်သည် ။ ယနေ့ ရဟန်းတော်များ ၊ ဗုဒ္ဓဘာသာဝင်များ အသုံးပြု ကိုးကား နေ
ကြသော အဋ္ဌကထာများမှာ အဋ္ဌကထာသစ်များသာ ဖြစ်ပါသည် ။ ဋီကာ များကား အလွန်နောက်ကျမှပေါ်လာသော ကျမ်းများ ဖြစ်ကြသည် ။
အဋ္ဌကထာသစ်များသီဟိုဠ်ကျွန်းတွင် --
၁ ။ မဟာဝိဟာရ၀ါသီ ( ထေရ၀ါဒ )
၂ ။ အဘယဂီရိဝါသီ ( မဟာယာန )
၃ ။ ဇေတ၀န၀ါသီ ( ဟီနယာန ) ဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲပြားတည်ရှိနေချိန်တွင်
သာသနာနှစ်၉၇၆ ၊ အေဒီ - ၄၄၂ တွင် သီဟိုဠ်သို့ ရောက်ရှိလာသော တရုတ်ရဟန်းတော်အရှင်ဖာဟိယန် သည်အဘယဂီရိဝါသီဂိုဏ်းသို့ကြွ၍ မဟာယာန စာပေများကို ကူးယူပြီး တရုတ်ပြည်သို့ သယ်ဆောင်သွားသကဲ့သို့သာသနာသက္ကရာဇ် - ၉၆၅ - အေဒီ - ၄၂၁ တရုတ်ရဟန်းတော်ဖာဟိယန် ထက်
 ( ၁၁ ) နှစ် စော၍ သီဟိုဠ်သို့
ရောက်ရှိတော်မူလာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မဟာဝိဟာရ၀ါသီဂိုဏ်းသို့ ကြွ၍ထေရ၀ါဒဗုဒ္ဓစာပေများကို ကူးယူပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်တော်မူခဲ့သည် ။
ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်သို့ ရောက်ရှိတော်မူပြီးနောက် ရှေးဦးစွာ သီဟိုဠ်
ဘာသာကို သင်ယူတော်မူခဲ့သည် ။ ၄င်းနောက် သီဟိုဠ်ဘာသာဖြင့် ရှိနေသော ပိဋကစာပေများကို မာဂဓဘာသာဖြင့် ပြန်ဆို ကူးရေးတော်မူသည် ။ သီဟိုဠ်သို့ သာသနာပြု ရှင်မဟိန္ဒမထေရ်မြတ်တို့ သယ်ဆောင်၍သင်ကြားပို့ချခဲ့သော ပိဋကတ်တော်များ ၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော ပိဋကတ်တော်များ သည် မာဂဓဘာသာဖြင့် မှတ်တမ်းပြုစုတည်ရှိခဲ့သော်လည်း နောက်ပိုင်း ဓမ္မကထိကရဟန်းတစ်ပါးက သီဟိုဠ်ဘာသာသို့
ပြောင်းလဲပြန်ဆိုခဲ့သဖြင့် ရှင်မဟာဗုဒ္ဓဃောသသီဟိုဠ်ရောက်ချိန်တွင်ပိဋကတ်တော်များမှာ သီဟိုဠ်ဘာသာဖြင့် ရှိနေခဲ့သည် ။
ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသ သည် ရှေးဦးစွာ သီဟိုဠ်ဘာသာကို သင်ယူပြီး ပါဠိတော်နည်းဖြင့်
ပြန်လည်ကူးရေးတော်မူခဲ့သည် ။ ပါဠိတော်နည်း ဟူသည် မာဂဓဘာသာ ဖြစ်ကြောင်း သာရတ္ထကျမ်းတွင်ဖော်ပြထားသည် ။ သီဟိုဠ်အဋ္ဌကထာကြီးများကို အခြေခံ၍ အဋ္ဌကထာသစ်များကိုလည်း ရေးသားတော်မူခဲ့သည် ။ ရှင်မဟာဗုဒ္ဓဃောသ ရေးသားတော်မူသော အဋ္ဌကထာသစ်များတွင် သီဟိုဠ်အဋ္ဌကထာပါ အဆို
အမိန့်များ အကျုံးဝင်ပြီးဖြစ်၍ သီဟိုဠ်အဋ္ဌကထာများကို ပြန်လည်ကြည့်ရှုရန် မလိုတော့သဖြင့် ရှင်မဟာဗုဒ္ဓဃောသ ၏ အဋ္ဌကထာသစ်များဖြင့် ပါဠိတော်အဖွင့်များ ပြီးပြည့်စုံပြီး ဖြစ်သည် ။
ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် ။ -
( ၁ )ုဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ = နိကာယ်လေးရပ် သုတ္တန္တပိဋက အဖွင့်
( ၂ )သမန္တပါသာဒိကာ အဋ္ဌကထာ = ၀ိနည်း ငါးကျမ်းအဖွင့်
( ၃ )သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ = ဒီဃနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၄ )ပပဉ္စသူဒနီ အဋ္ဌကထာ = မဇ္ဈိမနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
( ၅ )သာရတ္ထပကာသနီ အဋ္ဌကထာ = သံယုတ္တနိကာယ် ပါဠိတော် ငါးကျမ်းအဖွင့်
( ၆ ) မနောရထပူရဏီ အဋ္ဌကထာ = အင်္ဂုတ္တရနိကာယ် ပါဠိတော် ( ၁၁ ) ကျမ်း အဖွင့်
( ၇ )အဌသာလိနီ အဋ္ဌကထာ = အဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော် အဖွင့်
( ၈ )သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ = အဘိဓမ္မာဝိဘင်း ပါဠိတော် အဖွင့်
( ၉ )ပဉ္စပကာရဏ အဋ္ဌကထာ = ကျန်အဘိဓမ္မာ ငါးကျမ်း အဖွင့်
( ၁၀ )ကင်္ခါဝိတရဏီ အဋ္ဌကထာ = ၀ိနယ ပိဋက ဒွေမာတိကာ အဖွင့်
( ၁၁ )ဓမ္မပဒ အဋ္ဌကထာ = ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် အဖွင့်
( ၁၂ )ပရမတ္ထဇောတိကာ အဋ္ဌကထာ = ခုဒ္ဒကပါဌ နှင့် သုတ္တနိပါတ် ပါဠိတော် အဖွင့်
( ၁၃ )ဇာတက အဋ္ဌကထာ = ငါးရာငါးဆယ် ဇာတ်နိပါတ် အဖွင့်ကျမ်းအရေအတွက်အားဖြင့်
( ၆၇ ) ကျမ်းရှိပြီး ဆဋ္ဌသင်္ဂါယနာတင်မူ စာအုပ်အရေအတွက်အားဖြင့် ( ၃၇ ) အုပ် ရှိကြသည် ။ အခြားအဆိုတစ်ရပ်မှာ ပိဋကတ်သမိုင်းလာ အဋ္ဌကထာ ( ၈၅ ) ကျမ်း ရှိသည့်
အနက် --ဒီဃနိကာယ် အဋ္ဌကထာ ( ၃ ) ၊ မဇ္ဈိမနိကာယ် အဋ္ဌကထာ ( ၃ ) ၊ သံယုတ္တနိကာယ် အဋ္ဌကထာ ( ၅ ) ၊အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ( ၁၁ ) ၊ ခုဒ္ဒကနိကာယ် အပါအ၀င် ဇာတ် အဋ္ဌကထာ ( ၃၁ ) ၊ အဘိဓမ္မ အဋ္ဌက-ထာ ( ၇ ) ၊ ၀ိနည်း အဋ္ဌကထာ ( ၅ ) ကျမ်းနှင့် ခုဒ္ဒကပါဋ္ဌ ၊ ဓမ္မပဒ ၊ သုတ္တနိပါတ် ၊ ကင်္ခါဝိတရဏီ ၊ ၀ိသုဒ္ဓီမဂ်အဋ္ဌကထာ ဟူ၍ အဋ္ဌကထာကျမ်းပေါင်း ( ၇၁ ) ကျမ်းကို ရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
ထိုအချိန်က အဋ္ဌကထာကျမ်းသစ်များကို စီရင်တော်မူသော အရှင်မြတ်များမှာ ရှင်မဟာဗုဒ္ဓဃောသ
တစ်ပါးတည်း မဟုတ်ချေ ။ရှင်မဟာဗုဒ္ဓဃောသနှင့်ခေတ်ပြိုင် ရှင်ဗုဒ္ဓတ္ထမထေရ်မြတ်လည်း အဋ္ဌကထာကျမ်းသစ် အနည်းအကျဉ်းကို စီရင်တော်မူခဲ့ပါသေးသည် ။ ရှင်ဗုဒ္ဓတ္ထ စီရင်တော်မူခဲ့သော အဋ္ဌကထာကျမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည် ။ --
( ၁ )မဓုရတ္ထ၀ိလာသိနီ အဋ္ဌကထာ = ဗုဒ္ဓ၀င် ပါဠိတော် အဖွင့်
( ၂ )၀ိနယ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၃ )ဥတ္တရ၀ိနိစ္ဆယ အဋ္ဌကထာ = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့်
( ၄ )အဘိဓမ္မာဝတာရ အဋ္ဌကထာ = အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း
( ၅ )ရူပါရူပ၀ိဘာဂ အဋ္ဌကထာ = ရုပ်နာမ်နှစ်ပါးကို ဝေဖန်ပြသောကျမ်း
ကျမ်းအားဖြင့် ( ၁ ) ကျမ်း ၊ အုပ်ရေ ( ၁ ) အုပ် ဖြစ်သည် ။ အခြားအဆိုတစ်ရပ်ကမူ ဤအရှင်သည်
ခုဒ္ဒကနိကာယ် အပါအ၀င် ဗုဒ္ဓ၀င်အဋ္ဌကထာ နှင့် သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့ကို စီရင်တော်မူခဲ့သည်ဟုဆိုသည် ။
အဋ္ဌကထာသစ်ကျမ်းပြု ခေတ်ပြိုင်သော အရှင်နှစ်ပါး အပြင် ၄င်း အရှင်များနောက်မှ ပေါ်ပေါက်
လာသောအဋ္ဌကထာသစ်ကျမ်းပြုအရှင်မှာ ရှင်ဓမ္မပါလမထေရ်မြတ် ဖြစ်သည် ။ ဤအရှင်ပြုစုတော်မူခဲ့သောအဋ္ဌကထာသစ်မှာ --
၁။ ဥဒါန
၂ ။ က္ကတိဝုတ္တံက
၃ ။ ၀ိမာန၀တ္ထု
၎ ။ ပေတ၀တ္ထု
၅ ။ ထေရဂါထာ
၆ ။ ထေရီဂါထာ
၇ ။ စရိယာပိဋက
၈ ။ နေတ္တိပါဠိတော် အဖွင့် အဋ္ဌကထာများ ဖြစ်သည် ။
၎င်းအားလုံးကို " ပရမတ္ထဒီပနီ " ဟုခေါ်သည် ။ ကျမ်းအားဖြင့် ( ၈ ) ကျမ်း ၊ ဆဋ္ဌမူစာအုပ်ရေး ( ရ )
အုပ် ရှိသည် ။အခြားအရှင်မြတ်များ ပြုစုတော်မူခဲ့သော အခြား အဋ္ဌကထာသစ်များလည်း ရှိသေးသည် ။ ၄င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည် ။
( ၁ )သဒ္ဓမ္မပကာသနီ အဋ္ဌကထာ = ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဖွင့် ။ အရှင်မဟာနာမ ခေါ် အရှင်မဟာဘိဓာနစီရင်တော်မူသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။
( ၂ )သဒ္ဓမ္မပဇ္ဇောတ အဋ္ဌကထာ = စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ပါဠိတော် အဖွင့် ။ အရှင်ဥပသေန ပြုစု စီရင်တော်မူသည် ။ ကျမ်း ( ၂ ) ၊ အုပ်ရေ ( ၁ ) မပြည့် ။
( ၃ ) ၀ိသုဒ္ဒဇန၀ိလာသိနီ အဋ္ဌကထာ = အပါဒါန် ပါဠိတော် အဖွင့် ။ ကျမ်းပြုအရှင် မထင်ရှား ၊ အချို့ကအဘိဓမ္မာ မူလဋီကာ ကျမ်းပြု အရှင်အာနန္ဒာမထေရ် ၏ တပည့် ပြုစုစီရင်တော်မူသည်ဟု ဆိုသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။စုစုပေါင်း အဋ္ဌကထာကျမ်း အရေအတွက် ( ၈၀ ) ဖြစ်ပြီး ဆဋ္ဌမူ အုပ်ရေ ( ၅၁ ) အုပ် ရှိသည် ။သာသနာနှစ် ၁၅ - ရာစုတွင် သီဟိုဠ်တုမူလသောမကျောင်းတွင် သီတင်းသုံးသော အရှင်အနုရုဒ္ဓါမထေရ်မြတ်က အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း ရေးသားတော်မူခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကိုလည်းအဋ္ဌကထာကျမ်းအဖြစ် ရေတွက်ထားသည်။ သေးငယ်သော
ကျမ်းဖြစ်သောကြောင့်"လက်သန်းအဋ္ဌကထာ"ဟုလည်း ခေါ်ဝေါ်လျက်ရှိကြသည် ။
အဋ္ဌကထာ ဆိုသည် အဘယ်နည်းဟု ဖော်ပြရှင်းလင်းပြီးတဲ့အခါ " ဋီကာ " ကျမ်းများကိုလည်း
ချန်ထားခဲ့၍ မရပါ ။ သို့ဖြစ်၍ " ဋီကာ " ဟူသည် အဘယ်နည်းဟု ဆိုသော် --
အဋ္ဌကထာတွင် ဖော်ပြထားသော အနက်အဓိပ္ပာယ်ခက်ဆစ်များကို ထပ်ဆင့်၍ ဖွင့်ပြသောကျမ်းကို
" ဋီကာ " ဟုခေါ်သည် ။ မူလဋီကာ ဖွင့်ပြ ရှင်းလင်းထုတ်ဖော်မှု မပြည့်စုံသေးသဖြင့် ထပ်မံ ဖွင့်ပြသောကျမ်းကို " အနုဋီကာ " ဟုခေါ်သည် ။ အချို့ကို " မဓုဋီကာ " ဟု ခေါ်သည် ။ အချို့ကို ဂဏ္ဌိ ၊ အချို့ကို ယောဇနာဟု ခေါ်သည် ။ ဤဋီကာကျမ်းများကား အဋ္ဌကထာ နောက် အချိန်ကာလ များစွာကြာမှ ပေါ်ပေါက်လာခြင်းဖြစ်သည် ။ မြန်မာပြည်ထွက် ဋီကာကျမ်းများလည်း ရှိသည် ။ကျမ်းကိုး ---မာမက ( သုတေသီ ) မြင်းမိုရ်တောင် ဆိုသည်မှာ။မျှဝေပါ၏

No comments:

Post a Comment